“ရန်ကုန်စည်ပင်မှာ အဂတိလိုက်စားမှု မရှိဘူးလို့ ကြွေးကြော် ရဲပါတယ်” ဟု ဆို

“ရန်ကုန်စည်ပင်မှာ အဂတိလိုက်စားမှု မရှိဘူးလို့ ကြွေးကြော် ရဲပါတယ်”

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် တွေ့ဆုံခြင်း

အွန်လိုင်းဝဏ္ဏ၊ နန္ဒမျိုးဆောင်

ရန်ကုန်စည်ပင်သည် မန္တလေးစည်ပင်နှင့် နှိုင်းယှဉ်၍ လူမှုကွန်ရက်တွင် ဝေဖန်ခံနေရသည်။ မကြာမီ ပြည်သူလူထုရွေးချယ်သည့်အထဲမှ ဒုတိယမြို့တော်ဝန် နှင့် စည်ပင်ကော်မတီဝင်ငါးဦး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ မန္တလေးနှင့်မပြိုင်ဘဲ လုပ်ဆောင်စရာရှိသည် များကို မြို့တော်ရန်ကုန်အတွက် အဂတိကင်းစွာဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြသည်ဟု ပြောကြား လိုက်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူးဦးသန်းနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြလိုက် ပါသည်။

Speaker ။ ။ စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်မှာ လုပ်မယ်လို့ သိရပါတယ်။ ဒီရွေးကောက်ပွဲဟာ အရင် ၂ဝ၁၄ က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အဓိက ဘာတွေကွာခြားသွားလဲ။ စည်ပင်ရွေးကောက်ပွဲ လုပ်ခြင်းအားဖြင့် ဘယ်လိုအကျိုးရလဒ် တွေ ဖြစ်လာမှာလဲ။

UT ။ ။ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ ၂ဝ၁၈အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ဖွဲ့စည်းပုံမှာ မြို့တော်ဝန်ကို သမ္မတက ခန့်တယ်။ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနဲ့ ကော်မတီဝင်နှစ်ယောက်ကို အစိုးရကခန့်တယ်။ စုစုပေါင်း အစိုးရကခန့်တဲ့ ပုဂ္ဂိုလ်ငါးယောက်ရှိတယ်။အခု ပြည်သူက ရွေးကောက်တင်မြှောက်လိုက်မယ့် ခြောက်ယောက်နဲ့ဆိုရင် စုစုပေါင်း ၁၁ ယောက် ရှိတယ်။ ရွေးကောက် တင်မြှောက် လိုက် တဲ့ ခြောက်ယောက်ထဲက တစ်ဦးကို ဒုမြို့တော်ဝန်အဖြစ် ၁၁ ယောက်လုံးက မဲပေး ရွေးချယ်ရမယ်။

ဒုမြို့တော်ဝန်ဟာ အစိုးရခန့်ထားတဲ့ ငါးယောက်ထဲက မဖြစ်ရဘူး။ ရွေးကောက်ပွဲလုပ်ပြီးရင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှာ မြို့တော်ဝန်ရယ်၊ ဒုမြို့တော်ဝန်ရယ်၊ အတွင်းရေးမှူးရယ်၊ တွဲဖက်အတွင်းရေးမှူးရယ်၊ ကော်မတီဝင်ခုနစ်ဦးရယ် စုစုပေါင်း ၁၁ ဦးရှိလာမှာဖြစ်တယ်။ ကော်မတီရဲ့ သက်တမ်းဟာ ဥပဒေအရ အစိုးရသက်တမ်းနဲ့ အတူတူပဲ။ အစိုးရသက်တမ်းဟာ ၂ဝ၂ဝ မတ်လ ၃၁ ရက်အထိ ရှိမယ်။ကော်မတီရဲ့ သက်တမ်းကလည်း အဲဒီအချိန် အထိပဲ။ သို့သော် အခု ရွေးကောက်ခံမယ့် ခြောက်ဦးရဲ့ သက်တမ်းကို ဘယ်လိုသတ်မှတ်ထားလဲဆိုတော့ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ပြီးတဲ့အထိ သူတို့ ခြောက်ယောက်က တာ ဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် ရှိတယ်။ အဲဒီအတွက် အစိုးရသက်တမ်းကုန်တဲ့အချိန်မှာ အစိုးရခန့်အပ်တဲ့ ငါးယောက်က သက်တမ်းကုန် သွားပေမယ့် သူတို့ ခြောက်ယောက် ကတော့ နောက်တစ်ကြိမ်ရွေးကောက်ပွဲ ပြီးသည်အထိ သူတို့က ဆက်ပြီး ရှိနေမယ်။ မကြာမီ အစိုးရအဖွဲ့ ပေါ်ပေါက်လာပြီဆိုရင် မြို့တော်ဝန်အပါအဝင် အစိုးရကခန့်တဲ့ ငါးဦး ရောက်လာမယ်။ အဲဒီငါးယောက်ရယ်၊ ပြည်သူရွေးထားတဲ့ ခြောက်ယောက်ရယ် ပူးပေါင်းပြီးကော်မတီရဲ့ လုပ်ငန်းတွေကို ဆက်လုပ်မယ်။

စည်ပင်သာယာဥပဒေအသစ်အရ အစိုးရသစ်ပေါ်လာပြီး ရက်ပေါင်း ၉ဝ အတွင်းမှာ ရွေးကောက်ပွဲ လုပ်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် အစိုးရသစ်တက်လာပြီး သုံးလအတွင်းမှာ အသစ်နဲ့အဟောင်းနဲ့ ချိတ်ဆက်မိမှာ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ စည်ပင်သာယာ ဥပဒေက ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ လွှတ်တော်က အတည်ပြုပြီး ၂၈ ရက်မှာ ဝန်ကြီးချုပ်က လက်မှတ်ထိုးလိုက်တဲ့အတွက် ဥပဒေအသစ်ပေါ်လာတာ လပိုင်းပဲ ရှိသေးတယ်။ ရွေးကောက်ပွဲလုပ်ဖို့အတွက် မြို့တော်ကော်မရှင်၊ မြို့နယ်ကော်မရှင်ရယ်၊ ရပ်/ကျေး ကော်မရှင်ဆိုပြီး ကော်မရှင်နဲ့ ကော်မရှင်အဖွဲ့ခွဲအသီးသီးကို ဖွဲ့စည်းပြီးသွားပါပြီ။ ဇန်နဝါရီ ၁၈ ရက်ကနေ ၂၈ ရက်အထိ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲမှာ လျှောက်လွှာတင်ရမယ်။ မြို့နယ် ၃၃ မြို့နယ်မှာ တစ်မြို့ နယ်ကို မြို့နယ်စည်ပင် ဥက္ကဋ္ဌရယ်၊ အဖွဲ့ဝင်(၁)ရယ်၊ အဖွဲ့ဝင်(၂)ရယ်ဆိုပြီး သုံးယောက်ရွေးမယ်ဆိုတော့ စုစုပေါင်း ၉၉ယောက် အရွေးခံရမယ်။ မြို့တော်စည် ပင်သာယာရေးကော်မတီက ခြောက်ယောက် အားလုံး ၁ဝ၅ ယောက်ကို ပြည်သူက ရွေးချယ်ပေးရမှာ ဖြစ်ပါ တယ်။

အခု ၂ဝ၁၉ မှာ လုပ်မယ့် စည်ပင်ရွေးကောက်ပွဲက ၂ဝ၁၄ မှာလုပ်ခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲနဲ့ နည်းနည်းလေး ကွဲလွဲနေတယ်။ အရင်ရွေးကောက်ပွဲတုန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် လေးယောက်ပဲရွေးတယ်။ အခုဟာက လူဦးရေကို အခြေခံပြီးတော့ မဲဆန္ဒနယ်ခြောက် နေရာသတ်မှတ်ပြီး ခြောက်ယောက်ရွေးမယ်။ တချို့မဲဆန္ဒနယ်မှာ နှစ်မြို့နယ်ပဲပါပေမယ့် တချို့မဲဆန္ဒနယ်မှာ ၁၂ မြို့နယ်ပါမယ်။ တချို့မဲဆန္ဒနယ်မှာ ရှစ်မြို့နယ်ပါမယ်။ ဒါပေမဲ့ လူဦးရေအားဖြင့်တော့ မတိမ်းမယိမ်းတွေချည်းပဲ။ နောက်တစ်ခုက ၂ဝ၁၄ ရွေးကောက်ပွဲမှာ ရွေးကောက်ခံကိုယ်စားလှယ်ဟာ မည်သည့်ပါတီဝင်မှ မဖြစ်ရဘူးဆိုတဲ့ ကန့် သတ်ချက်ရှိတယ်။ အခုစည်ပင်သာယာရွေးကောက် ပွဲမှာတော့ မည်သည့်ပါတီဝင်မဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်တဲ့ အခွင့်အရေးရှိတယ်။ နည်းဥပဒေမှာ ပါတီဝင် မဖြစ်စေရဆိုတဲ့ ကန့်သတ်ချက်မပါဘူး။

ဒါကြောင့် ပါတီကို ကိုယ်စားပြုပြီးတော့လည်း ယှဉ်ပြိုင်နိုင်တယ်။ ပါတီဝင်တစ်ယောက်အနေနဲ့ ပါတီကို ကိုယ်စားမပြုဘဲ တစ်သီးပုဂ္ဂလအနေနဲ့လည်း ယှဉ်ပြိုင်နိုင်တယ်။ အရင်ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်လောင်းက ပါတီဝင်ဖြစ်နေရင် ပါတီကနေ နုတ်ထွက်ပေးရတယ်။ အခု အဲဒါမပါတော့ဘူး။ ပါတီဝင်တွေကို ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်ပေး ရတာလည်းဆိုတော့ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့အညီ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ ဖြစ်စေချင်တဲ့ အတွက် ဒီအခွင့်အရေးကို ကျွန်တော်တို့ပေးထားတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း အရည်အချင်း ကိုက်ညီလို့ ကိုယ်စားလှယ်လောင်အဖြစ် ကော်မရှင်က သတ်မှတ်ပြီးတာနဲ့ မဲဆွယ်စည်းရုံးခွင့် တစ်လရပါမယ်။ အခုလောလောဆယ် မဲစာရင်းက ၂ဝ၁၄ တုန်းက တစ် အိမ်ထောင်တစ်ယောက်ပဲ မဲပေးရတယ်။ အခု ၂ဝ၁၉ စည်ပင်သာယာရွေးကောက်ပွဲမှာ ၂ဝ၁၉ ခုနှစ် မတ်လ ၃၁ ရက်မှာ (၁၈) နှစ်ပြည့်ပြီးတဲ့သူတိုင်း မဲပေးပိုင်ခွင့် ရှိတယ်။ ရန်ကုန်မြို့ စည်ပင်သာယာရေးနယ်နိမိတ် အတွင်း နေထိုင်သူဖြစ်ရမယ်။ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ အနည်းဆုံး တစ်နှစ်နှင့်အထက် နေထိုင်သူဖြစ်ရမယ်။

အခု အဲဒီမဲဆန္ဒရှင်စာရင်းရဖို့အတွက် လူဦးရေစာရင်း ကောက်နေတယ်။ သန်းခေါင်စာရင်းကိုလည်း အခြေခံ တယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများမှာ ဘာသတ်မှတ် ထားလဲဆိုတော့ မဲပေးခွင့်ရှိသူကို စာရင်းကောက်တဲ့ အခါမှာ ရှိကောက်စနစ်လုပ်ရမယ်။ ရှိကောက်ဆိုတာက ဒီမဲဆန္ဒနယ်မြေထဲမှာ တစ်နှစ်နဲ့အထက် နေတဲ့သူက မဲပေးခွင့်ရမယ်။ လူဦးရေစာရင်းကတော့ ရှိတဲ့အတိုင်း ကောက်မယ်။ တချို့က ပုံစံ ၆၆ ကျောက်တံတားမြို့နယ်မှာ ရှိတယ်။ သို့သော် အဲဒီအိမ်ကို သူများကိုငှားပြီး တခြားမှာ သွားနေတယ်ဆိုရင် အိမ်ငှားနေတဲ့လူကို ကျွန်တော် တို့ စာရင်းကောက်မယ်။ တက္ကသိုလ်ဘော်ဒါဆောင်မှာ လာနေတဲ့ ကျောင်းသူကျောင်းသား တွေကို လည်း ကျွန် တော်တို့စာရင်းကောက်မယ်။ ဘုန်းကြီးကျောင်းတွေမှာ နေတဲ့သူတွေကိုလည်း ရှိကောက်စနစ်နဲ့ လူဦးရေစာရင်း ကောက်မယ်။ လူဦးရေစာရင်းရပြီဆိုတာနဲ့ အဲဒီလူဦးရေ စာရင်းထဲက မတ်လ ၃၁ ရက်မှာ (၁၈) နှစ်ပြည့်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ်မှာ တစ်နှစ်နဲ့အထက် နေထိုင်ခဲ့သူကို မဲပေးခွင့်ရှိသူအဖြစ် ကြေညာမယ်။ မဲစာရင်းမှား ရင်၊ နာမည်ကျန်ခဲ့ရင် သက်ဆိုင်ရာ ရပ်/ကျေး ကော် မရှင်အဖွဲ့ခွဲရုံးမှာလာပြီး ပြင်ဆင်ဖြည့်စွက်ရမယ်။

Speaker ။ ။ အခုရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးသုံးမယ့် ဘတ်ဂျက်က စည်ပင်ဘတ်ဂျက်လား။ တိုင်းဒေသ ကြီးဘတ်ဂျက်လား၊ ပြည်ထောင်စုအစိုးရဘတ်ဂျက်လား။

UT ။ ။ ရွေးကောက်ပွဲက စည်ပင်ဘတ်ဂျက်ဆိုတာလည်း မရှိဘူး။ စည်ပင်ဘတ်ဂျက်ကလည်း တိုင်းဒေသကြီးကနေ ခွဲဝေပေးရတာ။ ဒီရွေးကောက်ပွဲအသုံးစရိတ်က နိုင်ငံတော်ဘတ်ဂျက်နဲ့ တိုင်းဒေသကြီးကတစ်ဆင့် ရွေးကောက်ပွဲအသုံးစရိတ်ကို ခွဲဝေပေးထားတာ။

Speaker ။ ။ ဘယ်လောက်သုံးမယ်လို့ လျာထားလဲ။

UT ။ ။ လျာထားချက်ကတော့ လောလောဆယ် ကျပ် နှစ်ဘီလီယံ (ကျပ်သန်းနှစ်ထောင်) လျာထားတယ်။ ဒါပေမဲ့ နှစ်ဘီလီယံနဲ့ မလောက်နိုင်ဘူး။ လူဦးရေစာရင်း ကောက်ရမှာတွေရှိတယ်။ ပြီးတော့ မဲစာရင်းပြုစုတဲ့အခါ ကျတော့ တစ်ချိန်တုန်းက တစ်အိမ်ထောင်တစ်ယောက် ဆိုတော့ မဲပေးပိုင်ခွင့်ရှိသူက လေးသောင်းကျော်ကျော် လေးပဲရှိတယ်။ အခု ရန်ကုန်စည်ပင်နယ်နိမိတ် ၃၃ မြို့ နယ်မှာ ၂ဝ၁၄ သန်းခေါင်စာရင်းအရ(၁၈)နှစ်ပြည့်ပြီး သူက ၃၂ သိန်းကျော်ကျော်ပဲရှိတယ်။ အခု လက်ရှိမှာ (၁၈)နှစ်ပြည့်ပြီးသူ ၄၅ သိန်းလောက် ရှိမယ်လို့ တွက်ဆ ထားတယ်။ အဲဒီအတွက်လည်း အသုံးစရိတ်တွေ လိုလာ မယ်။ မဲပေးခွင့်ရှိတဲ့လူ များလာတဲ့အတွက် မဲရုံအရေအ တွက်လည်း တိုးလာမယ်။ မဲပုံးတွေ၊ မဲရုံးမှူးတွေ၊ ဒုမဲရုံ မှူးတွေ၊ မဲလက်မှတ်ထုတ်ပေးသူတွေ၊ မဲရုံစောင့်တွေ စတာတွေကို ပိုပြီးတော့ ခန့်ရမယ်။ နှစ်ဘီလီယံဆိုတာ ပြီးခဲ့တဲ့ နှစ်ထဲက ကြိုပြီးလျာထားတာ အခုမှ လျာလို့ မရဘူး။

Speaker ။ ။ နှစ်ဘီလီယံနဲ့ မလောက်လို့ နောက်ထပ် တစ်ဘီယံလီယံလောက် ထပ်ဖြည့်ဖို့လိုတယ်ဆိုရင်ရော တောင်းထားပြီးပြီလား။

UT ။ ။ တောင်းထားပြီးပါပြီ။

Speaker ။ ။ မြို့တော်ဝန်အပါအဝင် အန်ကယ်တို့ အနေနဲ့ တာဝန်ထမ်းဆောင်လာတာ သုံးနှစ်ပြည့်ပါတော့မယ်။ သုံးနှစ်အတွင်း ရန်ကုန်မြို့တော်အတွက် ဆောင် ရွက်ခဲ့တာတွေအပေါ် ကျေနပ်အားရမှု ရှိရဲ့လား။

UT ။ ။ ကျွန်တော်တို့ဘက်ကတော့ အားရပါတယ်။ပြည်သူဘက်ကတော့ အားရတာလည်းရှိမှာပဲ။ အားမရတာလည်း ရှိမှာပဲ။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် တွေမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေ လည်း ရှိပါတယ်။ အချိန်က အဆုံးအဖြတ်ပေးသွားမှာပါ။ ရန်ကုန်မြို့ကြီးကို စိမ်းလန်းစိုပြည်ပြီး နေချင်စဖွယ်ဖြစ်တဲ့ စက်မှုမြို့တော်ကြီးအဖြစ် ထူထောင်ဖို့၊ ပြောင်းလဲဖို့ အတွက် ဥပဒေအသစ်ကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်တယ်။ ဥပဒေအသစ်အရ စည်ပင်သာယာရဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲရမယ်။ လက်ရှိရန်ကုန်စည်ပင်မှာ ဌာနပေါင်း ၂ဝ ရှိတယ်။ ဥပဒေအသစ်အရ ဌာနက သုံးခုပဲရှိတော့ မယ်။ ကျန်တာက လုပ်ငန်းတာဝန်ခံအဖွဲ့လို့ခေါ်တဲ့ Authority ခုနစ်ရပ်နဲ့ သွားမယ်။ တစ်ဖက်မှာ ကော်ပရေးရှင်းပုံစံနဲ့ ဖွဲ့မယ်။ တစ်ဖက်မှာ Authority ခုနစ် ရပ်နဲ့ဖွဲ့မယ်။ ဗျူရိုနဲ့ ကော်ပရေးရှင်းစတိုင်နဲ့ စည်ပင်သာယာရဲ့လုပ်ငန်းတွေကို ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲသွားမယ်။ ဥပဒေအသစ်က အသက်ဝင်နေပြီး လုပ် ဆောင်ရမယ့်လုပ်ငန်းတွေကို ဥပဒေမှာပါတဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။

Speaker ။ ။ ရန်ကုန်စည်ပင်က အလုပ်လုပ်နေပေမယ့် ဝေဖန်မှုတွေ ခံနေရတဲ့အပေါ် ဘယ်လိုခံစားရလဲ။

UT ။ ။ ကျွန်တော်တို့ကတော့ မြို့တော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ NGO တွေနဲ့ ဘက်ပေါင်းစုံကနေ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥပမာ အခုဥပဒေအသစ်မှာ နောက်ဖေးလမ်းကြား အမှိုက်မပစ်ရဘူး။ အရင်ဥပဒေတုန်းကလည်း နောက်ဖေးလမ်းကြားသည် အမှိုက်ပစ်ရမယ့်နေရာမဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဝန်ဆောင်မှုမပေးဘူး။ သို့သော် အမှိုက်တွေများလာတဲ့အတွက် အားလုံးပူးပေါင်းပြီး အမှိုက်ကို ရှင်းပေးတာ။ ဒီနေ့ရှင်းပြီး နောက်နှစ်ရက် သုံးရက်နေရင် အမှိုက်တွေ ပြန်ပစ်ကြ တယ်။ ရှေ့က ရှင်းတယ်။ နောက်က ပြန်ရှုပ်တယ်။သို့ သော် ဝေဖန်တာတွေနဲ့ပတ်သက်လို့ ဝေဖန်တဲ့သူကတော့ ရှိမှာပဲ။ တချို့ကျတော့လည်း တမင်ရည်ရွယ်ချက်ရှိရှိ မျက်မှန်စိမ်းတပ်ပြီး ဝေဖန်နေတဲ့သူတွေလည်း ရှိမှာပဲ။တချို့ကျတော့လည်း ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်တာမျိုးရှိပါတယ်။ ကျွန်တော်တို့ကတော့ အစိုးရကယုံကြည်လို့ တာဝန်ပေးထားတဲ့ကာလမှာ အတတ်နိုင်ဆုံး ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။

Speaker ။ ။ ရန်ကုန်စည်ပင်နဲ့ မန္တလေးစည်ပင်ကို နှိုင်းယှဉ်ပြီး ပြောကြတာတွေရှိတယ်။ အဲဒီလို နှိုင်းယှဉ် ခံရတဲ့အပေါ် အန်ကယ်တို့ ဘယ်လိုခံစားရလဲ။

UT ။ ။ ရန်ကုန်နဲ့ မန္တလေးက အထူးနှိုင်းယှဉ်စရာမလိုပါဘူး။ ရန်ကုန်မှာစက်ရုံကြီးတစ်ရုံ တည်ဆောက်ဖွင့်လှစ်လိုက်တယ် ဆိုရင် ရန်ကုန်သူ ရန်ကုန်သားတွေရဲ့ စိတ်ထဲမှာ ဘာမှ မထူးဆန်းသလိုဖြစ်ပေမယ့် မန္တလေးမှာ စက်ရုံကြီးတစ်ရုံ တည်ဆောက်လိုက်တယ်ဆိုရင် အရမ်း ထူးဆန်းသွားပြီ။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်က တစ်ချိန်တုန်းက မြန်မာနိုင်ငံရဲ့ အစိုးရအုပ်ချုပ်ရေးဆိုင်ရာ မြို့တော်လည်းဖြစ်တယ်။ အခုလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တယ်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ထဲမှာ မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိတယ်။ မန္တလေးက ခြောက်မြို့နယ်ပဲ ရှိတယ်။ ရန်ကုန်တိုင်းတစ် တိုင်းလုံးမှာ ၄၅ မြို့နယ်ရှိတယ်။ ကိုးကိုးကျွန်းကလွဲရင် ကျန်တဲ့ ၄၄ မြို့နယ်ထဲမှာ စည်ပင်နယ်နိမိတ်ထဲ မပါ သေးတဲ့ ၁၁ မြို့နယ်ကိုလည်း နောင်တစ်ချိန်မှာ ရန်ကုန် မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း တစ်ပေါင်း တည်းပါသွားမှာ။ ရန်ကုန်ရဲ့ လက်ရှိလူဦးရေက ခုနစ်သန်း ကျော်လောက် ရှိတယ်။

လာမယ့် ၂ဝ၄ဝ မှာဆိုရင် ရန်ကုန်မြို့ ကြီးဟာ လူဦးရေ ၁ဝ သန်းကျော်ရှိလာမယ့် Mega City ဖြစ်လာမယ်။ မန္တလေးမှာ လမ်းတစ်လမ်း ခင်းပြလိုက်တယ်။ ကောင်းသွားတယ်။ ရန်ကုန်မှာက လမ်းတွေအများကြီး။ တကယ်ဆို နှိုင်းယှဉ်စရာ အကြောင်း ကို မရှိတာ။ သူတို့လည်း သူတို့အတိုင်းအတာနဲ့ သူတို့ အလုပ်လုပ်တာ။ လုပ်ငန်းပမာဏလည်း မတူပါဘူး။ ဟိုမှာက လမ်းတစ်ခုခင်းပြလိုက်ရင် ထင်သာမြင်သာရှိတယ်။ ဒီမှာက လမ်းတစ်ခုကို ကောင်းကောင်းခင်းပြရုံနဲ့ လမ်းကြီးက သိပ်ကောင်းတာပဲဆိုပြီး ထင်သာမြင်သာမဖြစ်ဘူး။ ဒီအပေါ်မှာလည်း လူတွေက နှိုင်းယှဉ်ကြတာကို။ လမ်းပဲဖြစ်ဖြစ်၊ အဆောက်အအုံပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် ကျွန်တော်တို့က စီမံကိန်းရေးဆွဲပြီး လွှတ်တော်ကို တင်ရတယ်။ လွှတ်တော်က ခွင့်ပြုတဲ့ ဘဏ္ဍာရေးဘောင်အတွင်းက လုပ်ကြရတာဖြစ်တဲ့အတွက်ကို လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်မှာ မြို့သစ်တွေ တည်ထောင်ခဲ့တယ်။ အဲဒီမြို့သစ်တွေမှာ အခြေခံအဆောက် အအုံတွေမပြည့်စုံဘူး။ အဲဒါတွေကို ပြန်လုပ်နေရတယ်။ လက်ရှိ မြို့ဟောင်းမှာလည်း လိုအပ်ချက်တွေ အများကြီးရှိနေတယ်။

အင်္ဂလိပ်ခေတ်က ရန်ကုန်မြို့တော်ကြီးကို နောင်နှစ် ၁ဝဝအတွက် မျှော်မှန်းပြီး တည်ဆောက်ခဲ့တယ်။ အခု နှစ် ၁ဝဝ ကျော်သွားပြီ။ နှစ် ၁ဝဝ အတွင်းပဲ သူ့လိုအပ်ချက်က ကိုက်ညီခဲ့တာ။ အခုအထပ်မြင့်အဆောက်အအုံတွေ များလာပြီ။ လူဦးရေ သိပ်သည်းမှုက မြို့လယ်ကောင်မှာ များလာတဲ့အခါ ကျတော့ ရေသုံးစွဲမှုများလာတယ်။ ဒါ့ကြောင့် ကမ္ဘာ့ဘဏ် က သက်သာတဲ့အတိုးနှုန်းနဲ့ ကူညီတဲ့ဒေါ်လာ ၇၅ သန်း နဲ့ ရေစီးရေလာကောင်းမွန်ဖို့ ရေမြောင်းတွေပြင်နေတယ်။ သဘာဝအန္တရာယ်ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွေလည်း လုပ်နေတယ်။ ဥပမာ မြေငလျင်ဖြစ်လာရင် မြေငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေဖြစ်အောင် လုပ်ဆောင်နေတယ်။ ကျွန်တော်တို့လက်ထက်မှာ ပြည်သူတွေ အနားယူဖို့ စိမ်းလန်းစိုပြည်တဲ့ ပန်းခြံတွေလုပ်ပေး နိုင်ခဲ့တာကိုတော့ အားရပါတယ်။လမ်းတွေလည်း ကောင်းလာပါတယ်။

Speaker ။ ။ ရန်ကုန်စည်ပင်ရဲ့ ဌာနမှူးတွေ၊ ဝန်ထမ်း တွေကြားထဲမှာ လာဘ်ပေးလာဘ်ယူမှုတွေက အရင်တုန်းက တော်တော်နာမည်ကြီးခဲ့ပါတယ်။ စည်ပင်က ရေ အလောင်းရဆုံး ဌာနထဲမှာပါတယ်ဆိုပြီးတော့ ပြည်သူတွေကြားမှာလည်း တော်တော်လေး ဝေဖန်မှုတွေရှိခဲ့ပါ တယ်။ အခု အန်ကယ်တို့ တာဝန်ယူတဲ့လက်ထက်မှာရော ဒါမျိုးတွေရှိသေးလား။ မရှိအောင် ဘယ်လိုတွေ ဆောင်ရွက်ထားလဲဆိုတာ သိပါရစေ။

UT ။ ။ အခု တစ်တိုင်းပြည်လုံးအတွက် အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မတီကို ခန့်ပြီးတော့ လုပ်ဆောင်နေ တာပဲ။ ပြောတဲ့သူတွေကတော့ ပြောနေတာပဲ။ စည်ပင် သာယာဆိုတာ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့ဌာနပါ။ ကျွန်တော်တို့ ကိုယ်တိုင်က ဝန်ဆောင်မှုလုပ်ငန်းတွေကို အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ တစ်ချိန်တုန်းကတော့ ရှိချင်လည်း ရှိခဲ့မှာပေါ့။ အခုအစိုးရလက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး တော့ လုပ်ဆောင်နေတဲ့ ကာလဖြစ်တဲ့အတွက် အခု စည်ပင်မှာ လာဘ်စားမှုတွေရှိရင် တိတိကျကျတိုင်ပါ။ တချို့ပိုက်ဆံရှိတဲ့လူတွေက လုပ်ငန်း လုပ်ချင်ရင် ကိုယ်တိုင်မလာဘူး။ ပွဲစားနဲ့ ခိုင်းလိုက်တယ်။ ပွဲစားကတော့ ဘယ်ဌာနမှူးကို ဘယ်လောက်ပေးရမယ်။ ဘယ်ဝန်ထမ်းကို ဘယ်လောက်ပေးရမယ်ဆိုပြီး ပြောမယ်။ ဒါပေမဲ့ တကယ်ပေးချင်မှ ပေးရမယ်။ ကျွန်တော်တို့မှာ တရားဝင်သတ်မှတ်ထားတဲ့ ဝန်ဆောင်ခထက် ပိုပြီး မယူကြဖို့ အောက်က ဝန်ထမ်းတွေကို ကျွန်တော်တို့ မှာထားပါ တယ်။ တိုင်တာတွေလည်း ရှိပါတယ်။ တိုင်တာတွေကို စစ်ဆေးတဲ့အခါ အပြစ်ရှိတဲ့အတွက် အရေးယူလိုက်တဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ ကျွန်တော်တို့လက်ထက်မှာ ဝန်ထမ်းအဆင့်အလိုက် အရေးယူခဲ့တာတွေ ရှိပါတယ်။ထုတ်ပစ်တဲ့ဝန်ထမ်း၊ ရာထူးတိုးရပ်ဆိုင်းတဲ့ ဝန်ထမ်း၊ ရာထူးချလိုက်တဲ့ ဝန်ထမ်း၊ သတိပေးခံရတဲ့ ဝန်ထမ်းတွေရဲ့ စာရင်းတွေ ကျွန်တော်တို့မှာ အတိအကျရှိပါတယ်။

Speaker ။ ။ အန်ကယ်တို့လက်ထက်မှာ ရန်ကုန်စည်ပင် က အဂတိကင်းကင်းနဲ့ အလုပ်လုပ်နိုင်ပြီ၊ အလုပ်လုပ်နေ ပြီလို့ ကြွေးကြော်နိုင်လား။

UT ။ ။ ကျွန်တော်တို့ကတော့ ကြွေးကြော်နိုင်တယ်။ကျွန်တော် တာဝန်ယူရဲတယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တာဝန်ယူရဲတယ်။ အောက်က ဝန်ထမ်းတွေကိုလည်း အဂတိကင်းကင်းနဲ့ ကိုယ့်လုပ်ရမယ့်တာဝန်ကို ကျေပွန်အောင် လုပ်ပေးလိုက်ပါ။ ငွေရေးကြေးရေးနဲ့ လုံးဝမပတ်သက်ဖို့ ကျွန်တော်ပြောထားတယ်။ အဆင့်လိုက် ကျွန်တော် ကြီးကြပ်ခိုင်းထားတယ်။

Speaker ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ။

အွန်လိုင်းဝဏ္ဏ၊ နန္ဒမျိုးဆောင်

Credit – The Speaker သတင်းဂျာနယ် အတွဲ၃ အမှတ် ၁၀

Leave a Reply

Your email address will not be published. Required fields are marked *